06/02/2010

မြန်မာ့ မြန်မာ့ ရုပ်ရှင်

ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲအခန်းအနား စတော့မယ်။ ငယ်ငယ်ကဆို အကယ်ဒမီ နီးလာရင် ဘယ်မင်းသား ရပါစေ ဘယ်မင်းသမီး ရပါစေနဲ့ ဆုတောင်းရ ၊ငါ့လူရမှာပါ နင့်လူ မရနိုင်ပါဘူးနဲ့ ညီအမချင်း ငြင်းခုန်ကြနဲ့ တအိမ်လုံး ဆူညံနေတာပါပဲ။ သတင်းလာတော့ ရေဒီယိုနား မျက်နာကပ်ပြီး မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ငြိမ်ပြီး နားထောင်ကြတာများ တယောက် အသက်ရှုသံဟာ တယောက် အတွက် ကျယ်လွန်းတယ် ထင်တယ်။ကိုယ်ရစေချင်တဲ့ သူတွေ ရရင် ဟေးဆိုပြီး ပျော်လိုက်၊ မရဘူးဆိုလည်း  တရှုံ့ရှုံ့နဲ့ငိုလိုက်သေးတာမျိုး။ ဟိုးတုန်းကတော့ အကယ်ဒမီ ဆိုတာ ဘာရယ်ညာရယ် သိလို့တော့ မဟုတ်ဘူး ၊ ကိုယ်တို့ ကလေးတွေ အတွက် ရင်ခုန်စရာ ကောင်းခဲ့တယ် ဆိုရမလိုပဲ။

အကယ်ဒမီ ဆုပေးပွဲ  ပြီးရင် ကိုယ်က မင်းသား မင်းသမီး ပုံတွေ သတင်းစာထဲက ဖြတ်၊ ဗလာစာအုပ် ဖြူဖြူပေါ် ကော်နဲ့အပြီအပြင် ကပ်၊ကျောင်းမှာ သူငယ်ချင်းတွေက ကိုယ့်စာအုပ်လေးကို အလုအယက်ကြည့်ကြနဲ့ ။ဟိုလူက အိမ်ကို တရက် ငှားပါအုန်း ၊ဒီလူက တရက် ငှားပါအုန်းဆို  ခပ်တည်တည်နဲ့ "မိန်းမတွေ ရိုရိုသေသေ ကိုင်ကြ"လို့ ဘ၀င် ခပ်မြင့်မြင့် ဆိုရင်း အငှားသွက်နေတဲ့ ကိုယ့်ရဲ့ အကယ်ဒမီစာအုပ် အတွက် ပျော်မဆုံးဘူး။



ငယ်ငယ်က ရုပ်ရှင်ကို ဒီလိုပိုးထ နေပေမဲ့ ဆယ်တန်း အောင်တဲ့ထိ ၂ ကား ၃ကားပဲ ကြည့်ဖူးတယ်။ ပထမဆုံး ကိုယ်ကြည့်ဖူးတာ ပန်းတွေနဲ့ဝေ ဇာတ်ကား ပဲ ။ ရုပ်ရှင်က ပြန်လာကတည်းက လက်ကိုင်ပုဝါလေး လက်က ရမ်းရင်း အိမ်ဘေးက ရွက်လှပင်တွေကြား "ပန်းတွေနဲ့ ဝေ ပန်းတွေနဲ့ဝေ ကိုယ့်ချစ်သူ ခေါင်းမှာ ပန်းလေးတွေနဲ့ ဝေ"လို့ ဆိုရင်း သစ်ပင်တွေကြား ပတ်ပြေးရတာ တနေ့တနေ့ မော နေတာပဲ။ ဘာရယ် မသိဘူး ဒီသီချင်းလေးကို သိတ်ကြိုက်တယ်။ ရုပ်ရှင်ကြည့်ပြီးကတည်းက စပါယ်တွေ သီ ပန်ရ၊ နှင်းဆီ ပန်ရ၊ ဒေလီယာပွင့်ကြီး တောင် မလွတ်ဘူး။  ရုပ်ရှင်ကို သဘောကျပြီး ကိုယ့်ကိုကိုယ် ပန်တွေ နဲ့ ဝေပစ်ရင်း အကျေနပ်ကြီးကို ကျေနပ်နေတော့တာ။ 

တောသူတွေ ရုပ်ရှင်ကြိုက်တယ် ဆိုတာ ဟုတ်လောက်တယ်၊ တက္ကသိုလ်ရောက်တော့ မရောက်တဲ့ ရုံ မရှိတော့ဘူး။ သမ္မတရုံလည်း ရောက်တယ်၊ မြေနီကုန်းက ရုံတွေလည်း ရောက်တယ်၊ မင်္ဂလာဒုံက တိုင်းခန်းမ ဆိုတာလည်း ရောက်တယ်။ မြန်မာကား ကုလားကား အင်္ဂလိပ်ကား ကြုံသလို ကြည့်တော့တာပဲ။န၀ဒေးရုံ ကိုလည်း မှတ်မိသလောက်တော့ အပတ်တိုင်း ရောက်တယ်။

ဒီကြားထဲ ရုပ်မြင်သံကြားက ပြန်ပြတဲ့ ကားဟောင်းတွေ လည်း မလွတ်ဘူး။ ငယ်ငယ်က မကြည့်ရတာတွေ ပြန်ကြည့်ရလို့ စနေလို ညမျိုးဆို တီဗွီရှေ့ တမေ့တမော စောင့်ကြည့်သေးတယ်။ စာတွေ ဘယ်လောက် များများ စာမေးပွဲ ဘယ်လောက်နီးနီး၊ အစအဆုံးသာ မကြည့်တာရှိမယ်  အတန်းငယ်တုန်းကတော့ ထွက်သမျှကားတော့ ကြည့်ဖြစ်၊ ရှိသမျှ ရုံ ရောက်၏ ဆိုရင်လည်း မမှားဘူးပေါ့။

အိမ်မှာ ဆို ကိုယ်က ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကို ပြန်ပြီး လုပ်ပြတယ်။ အဲ့ထဲက ဒိုင်ယာလော့တွေကို အမူအယာနဲ့ အပြီအပြင် ပြောပေါ့။ မေမေတို့က ကိုယ်လုပ်ပြတာ ထိုင်ကြည့်ပြီး အူတက်အောင် ရီကြတယ်။ တခါတလေ သူတို့တွေ ရီရလွန်းလို့ "မောလာပြီး တော်ပါတော့၊ မလုပ်ပါနဲ့တော့"နဲ့ အတင်းတားကြတယ်။ ဒီအကျင့်က ဖျက်မရတော့ အဆောင်ရောက်တော့လည်း လုပ်မိရော ဆိုပါတော့။

တခါမှာ သူငယ်ချင်းတယောက်က ထမင်းပန်းကန်လေးကိုင်ရင်း "အဆောင်မှာလည်း တနေ့လာလည်း ဘဲဥ ငါတို့ ဆင်းရဲလိုက်တာဟာ"လို့ ပြောတယ်။ ကိုယ်က ထမင်းစားရင်း  "ဆင်းရဲတာ အပြစ်မဟုတ်ပါဘူး ကိုကိုရယ်"လို့လည်း ဆိုလိုက်ရော ၀ိုင်းရီကြပြီ ရုပ်ရှင်ဇာတ်ကားအကြောင်း တပြောပြောနဲ့ ထမင်း တလုပ်ပြီး တလုပ် စားကြတာ တဇလုံပြောင်ရော။

နောက်ပိုင်းကြတော့ အိပ်ချင်လာရင် အဆောင်ကောရစ်ဒါမှာ ရုပ်ရှင် ဖွက်တမ်း ကစားကြတယ်။ အမူအယာနဲ့ ဇာတ်ဝင်ခန်းက ဒိုင်ယာလော့ကိုတော့ ကိုယ်ကပဲ ပြောတယ်၊ သူငယ်ချင်းတွေက  ရုပ်ရှင် ဇာတ်ကား အမည်ပြောပေါ့။ ကိုယ်က ဟန်နဲ့ပန်နဲ့ "ဆယ်နှစ် ဆယ် နှစ်"ဆို ဟေး "အကြွေး"။ တခါမှာတော့  ကိုယ်က လုံခြည်ကို ကျော်ဟိန်းလို ၀တ်၊ ပြီးတော့ သံမန်တလင်းပေါ် ထိုင်ချ၊ ရှေ့မှာ ချထားတဲ့ အ၀တ်လျှော်ဇလုံကို လက်က ထု ပါးစပ်ကလည်း "အဘရေ သောက် သောက်"နဲ့ ပြော အားလုံးက တ၀ါးဝါးနဲ့ ပွဲကြနေတုန်း "ပန်းမြိုင်လည်က အရူးမတွေ"ဆိုပြီး အဆောင်ဟောကျူတာ လာအော်ပါလေရော။ သူကလည်း ကိုယ့်အမူအယာ ကြည့်ပြီး သိနေတာကိုး ရီလိုက်ရတာ။

အဆောင် လှေခါးပေါ်ကနေ  "မောင် မောလာလား ဟင်"လို့နှာသံလေးနဲ့  စံရှားတင် ရဲ့ ဇရာအိုနဲ့ ကညာပျိုပုံ  "ကျနော် မမခင်ကို ချစ်များ ချစ်မိနေပြီလား" ဆိုတဲ့ ၀င်းဦး ပုံ
"ကျေပါနော် မအေးစိန် ၊ကျေပါတယ် ကိုသိန်းဖေ "ဆိုတဲ့ ကောလိပ်ဂျင်ဇာတ်ဝင်ခန်းပုံ
"ဟေ့ဒီမှာ ဗိုလ်လုပ်ချင်တဲ့ ကောင်ဆိုတာ ဒီလို ပစ်နိုင်မှ ဗိုလ်လုပ်လို့ရတယ်ကွ" ဗိုလ်အောင်ဒင်ဇာတ်ဝင်ခန်း
"ရှင်တို့က ရဲတွေလားဟင်" ကြည်ကြည်ဌေးပုံ
"ကိုကိုဆိုတဲ့ ကောင်စုတ် ၀တ်တော့ အစုတ် စားတော့ ပဲပြုတ်"နဲ့ နေအောင်
"ကိုကိုမောင်မောင် ဆရာလို့ခေါ်မယ်နော် "ဆိုတဲ့ ခင်သန်းနု
"မောင်ရန်နိုင်ရယ်..... မဝေကလေ......
"ဆွေလေ... ဆိုတဲ့ နှလုံးသား မြို့တော်ပုံ စုံအောင်ကိုး လုပ်ကြ တသောသောဟားကြပဲ။

အရင်က ရုပ်ရှင်တွေက အဆင့်ရှိတယ်၊ သရုပ်ဆောင်တွေ ကောင်းတယ် မကောင်းတယ် ဆိုတာထက် ဟိုးတုန်းက ကားတွေက အနည်းဆုံး ခုလိုလေး ပြန်ပြောဖြစ်စရာ၊ အမှတ်ရစရာ တခုခုတော့ ကျန်ခဲ့တယ်။ ဇာတ်လမ်း ဇာတ်အိမ် ခိုင်တယ်။ မိန်းကလေးရှင်ရဲ့ ဆန္ဒ၊ အဖေတခုသားတခု၊  "ယူလည်း နွားပဲ"ဆိုတဲ့ တပြည်သူ မရွှေထားတို့လိုကိုယ်သဘောကျခဲ့တဲ့ ကားတွေ ဒိုင်ယာလော့လေးတွေ ဇာတ်ဝင်ခန်းလေးတွေ အကယ်ဒမီကားမှ မဟုတ်ပါဘူး အမှတ်တရ ပြောစရာလေး ရှိခဲ့တယ်။

ခုတော့ အကယ်ဒမီ ဆုပေးပွဲတွေကို  ရုပ်မြင်သံကြားက တိုက်ရိုက်ပြလာတော့  လူတိုင်းလို ကြည့်ချင်ရင် ကြည့်နိုင်တဲ့ အခန်းအနားမျိုး ဖြစ်လာတယ်။ တိုက်ရိုက်ကြည့်ရတော့ ပိုလို့ ကြည့်လို့ ကောင်းပါတယ်။ ဆုကြေငြာနီး မီးဆလိုက်တွေ၊ တယောက်ကို တယောက် ဖက်နမ်းဂုဏ်ပြုကြ တာတွေ၊ မင်းသား မင်းသမီး လှတပတတွေ တပြုံကြီး တပြိုင်တည်း ကြည့်ရတာတွေက သဘောကျစရာကောင်းပါတယ်။ 

မင်းသား မင်းသမီး ဆိုရင်လည်း မနှစ် တနှစ်က စရိုက်တဲ့ သူတွေကလွဲရင် အားလုံး အကယ်ဒမီ ရပြီးသားတွေပါပဲ။ ဇာတ်ကားတွေ အကြောင်းတော့ မပြောလည်း သိပါတယ်လေ။ မြန်မာမှုတွေလည်း ကောင်းကြတော့ ကိုးရီးယားကား  တရုပ်ကား ကုလားကား ဘိုကား ကြည့်စရာမလိုသလောက်ပါပဲ။ ဒိုင်ယာလော့တွေက ပြင်းလွန်းလို့ ရုပ်ရှင်ဖွက်တမ်းလည်း မကစား ရဲတော့ပါဘူး။ ခုခေတ်ကားတွေကို ကြည့်ပြီး မိန်းကလေးတွေက  ကိုယ်ငယ်ငယ်တုန်းက ပန်းတွေနဲ့ ဝေကြည့်ပြီး လိုက်လုပ်သလို လုပ်ကြရင်တော့ တွေးရဲ စရာမရှိဘူးမို့ မြန်မာ့ရုပ်ရှင်အကြောင်းလည်း မပြောချင်ဘူး၊ ဇာတ်လမ်း အကြောင်းလည်း မပြောချင်ဘူး   အကယ်ဒမီဆုပေးပွဲအကြောင်းလည်း မပြောချင်ဘူး ဘယ်သူ့ အကြောင်းမှ ပြောကိုး မပြောချင်ဘူး လို မမြလေးလို ဆိုလိုက်ချင်တာပါပဲ။

အယ်ဇီ

18/01/2010

ရှော့ရှိသည်


ဆေးလိပ်သောက်တာ မကျန်းမာ

ရွံလည်း ရွံစရာ
ငွေကုန် အသံပြာ ချောင်းတွေဆိုး
သောက်ဟဲ့ သေချင်းဆိုး။

(တင်မိုး)


ဆရာကြီးရဲ့ ဒီကဗျာလေးကို ဖတ်ပြီး ကိုယ်လည်း တတ်သလောက် မှတ်သလောက် ငါးသလောက် ပေါင်းကြည့်တာပါ။


အရက်သောက်တာ မကျန်းမာ
နံလည်း နံစော်တာ
ငွေကုန် အသားဝါ အသည်းကျွမ်း
သောက်ဟဲ့ တစောက်ကမ်း။

အစားပုတ်တာ မကျန်းမာ
အသက်လည်း တိုစေတာ
ဗိုက်ပူ ရောဂါ အနာတိုး
စားဟဲ့ သောက်ငတ်မျိုး။

ထောင်လွှားမောက်မာ မကျန်းမာ
ရုပ်လည်း ဆိုးစေတာ
လောဘ ဒေါသ မောဟတိုး
သွားဟဲ့ ငရဲအိုး။

စပွန်စာပေးတာ မကျန်းမာ
ရှော့လည်း ရှိတတ်တာ
သောက အမုန်း ငရဲတိုး
မှတ်ဟဲ့ တဏှာအိုး။

နှစ်လုံးကိုင်တာ မကျန်းမာ
ချွတ်ခြုံ မွဲစေတာ
ငွေကုန် အိမ်ပေါင် ခွက်နဲ့တိုး
မှတ်ဟဲ့ ၀ိဿမမျိုး။

ဘလောက်လည်တာ မကျန်းမာ
အအိပ်လည်း ပျက်စေတာ
အချိန်ကုန် ခေါင်းကိုက် အဆီတိုး
ဘလော့ဂါ ကျွဲပါးမျိုး။

အယ်ဇီ

06/01/2010

ဒုက္ခသည် အလွမ်း ( မောင်သင်းခိုင် )

စာစောင် တခုထဲမှာ ဖတ်ခဲ့ရတဲ့ ကဗျာပါ။ သဘောကျလို့ လက်ရေးနဲ့ ကူးယူထားခဲ့တာ။ ခု တခါ ဘလော့ထဲ ကူးသိမ်းလိုက် တာပါ။ ကိုယ် သိတာက လွန်ခဲ့တဲ့ ၈နှစ်ကျော်ကပါ။ ဆရာ မောင်သင်းခိုင်ကတော့ ဘယ်တုန်းက ဘာသာပြန်ခဲ့တယ် မသိပါဘူး။ ဆရာ့ကို ဘယ်လို ဆက်သွယ် ခွင့်တောင်းရမှန်းလည်း မသိလို့ ဒီကနေပဲ ခွင့်တောင်းလိုက်ပါတယ်။

ချမ်းမြေ့ပါစေ

အယ်ဇီ

ဒုက္ခသည် အလွမ်း

ဟောသည် မြို့ တော်ကြီးမှာ ဝိညာဉ် ဆယ်သန်း ရှိတယ်လို့  ပြောကြတယ်
တချို့ က တိုက်ကြီးတာကြီးတွေမှာ နေကြတယ် တချို့ က တွင်းတွေထဲမှာ နေကြတယ်
ဒါပေမယ့် အဲဒီမှာ ငါတို့ အတွက် နေရာ မရှိဘူး အချစ်ရယ်
အဲဒီမှာ ငါတို့ အတွက် နေရာ မရှိဘူး ။

တစ်ချိန်တုန်းက ငါတို့ မှာ တိုင်းပြည် ရှိတယ်၊ အဲဒီတိုင်းပြည် ကောင်းမွန်တယ်လို ငါတို့ ထင်ခဲ့တယ် ကမ္ဘာ့မြေပုံထဲကို ကြည့်လိုက်စမ်း၊ အဲ့ဒီတိုင်းပြည်ကို မင်းတွေ့ လိမ့်မယ်
အဲဒီနေရာကို ငါမသွားနိုင်တော့ဘူးအချစ်ရယ်
အဲဒီနေရာကို ငါတို့ မသွားနိုင်တော့ဘူး ။

ရွာထဲက ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ယူးပင်အိုကြီး တစ်ပင်ရှိတယ်
နွေဦးပေါက်တိုင် ယူးပင်အိုကြီးဟာ ပွင့်သစ်တွေ ဝေနေကျပေါ့
ပတ်စ်ပို့ ဒ်အဟောင်းတွေကတော့ အဲသလို မလုပ်နိုင်ဘူး အချစ်ရယ်
ပတ်စ်ပို့ ဒ်အဟောင်းတွေကတော့ အဲသလို မလုပ်နိုင်ဘူး ။

ခင်ဗျားမှာ ပတ်စ်ပို့ ဒ်မရှိတော့ဘူးဆိုရင်၊ခင်ဗျားဟာ တရားဝင် သေဆုံးသွားပြီ
စားပွဲကို လက်သီးနဲ့ ထုပြီး ကောင်စစ်ဝန်ကပြောတယ်
ဒါပေမယ့် ငါတို့ဟာ အခုထိ အသက် ရှင်နေတုန်းပါပဲ အချစ်ရယ်
ငါတို့ ဟာ အခုထိ အသက်ရှင်နေတုန်းပါပဲ ။

ကော်မတီတစ်ခုဆီကို သွားတွေ့ ခဲ့တယ်
ထိုင်ဖို့ ကုလားထိုင်ပေးတယ်
နောက်နှစ်ကျရင် ပြန်လာပါတဲ့၊ ငါ့ကို ယဉ်ယဉ်ကျေးကျေး ပြောပါတယ်
ဒါပေမယ့် ဒီနေ့ ငါတို့ ဘယ်ကို သွားရမလဲ အချစ်ရယ်
ဒီနေ့  ငါတို့ ဘယ်ကိုသွားရမလဲ ။

လူထုအစည်းအဝေးကို သွားခဲ့တယ်၊ တရားဟောတဲ့လူက ရပ်ပြီး ပြောနေလိုက်ပုံများ
သူတို့ ကို ဝင်ခွင့်ပြုမယ်ဆိုရင် ကျုပ်တို့ ပေါင်မုန့် ခွဲတမ်းတွေ သူတို့ ခိုးမှာပဲ
သူပြောနေတာ မင်းနဲ့ ငါ့ကိုအချစ်ရယ်
သူပြောနေတာ မင်းနဲ့ ငါ့ကို ။

မိုးကောင်းကင်ထဲက ထစ်ချုန်းသံတွေကိုကြားခဲ့ရတာ ငါ တွေးမိတယ်
အဲ့ဒါ ဥရောပပေါ်က ဟစ်တလာပေါ့
ပြောနေလိုက်ပုံက "ဒင်းတို့ တတွေ မုချသေရမတဲ့"
ငါတို့ ဟာ သူ့ ရဲ့ စိတ်ထဲမှာ ရှိနေခဲ့တယ် အချစ်ရယ်
ငါတို့ ဟာ သူ့ ရဲ့ စိတ်ထဲမှာ ရှိနေခဲ့တယ် ။

ပင်အပ်နဲ့  တွယ်ချိတ်ထားတဲ့  ဂျာကင်ကို ဝတ်ထားတဲ့ အမွေးစုတ်ဖွားဖွား ခွေးတစ်ကောင်ကို မြင်ခဲ့ရ
တံခါးဖွင့်ပြီး ကြောင်တစ်ကောင် ဝင်သွားတာ မြင်ခဲ့ရ
ဒါပေမယ့် သူတို့ ဟာ ဂျာမန်ဂျူးတွေ မဟုတ်ဘူး အချစ်ရယ်
သူတို့ ဟာ ဂျာမန်ဂျူးတွေ မဟုတ်ဘူး ။

သင်္ဘောဆိပ်ကို ဆင်းသွားပြီး ဘောတံတားပေါ်မှာ ရပ်နေခဲ့တယ်
လွပ်လပ်နေသလို ငါးတွေ ရေကူနေတာ မြင်ခဲ့ရ
ဆယ်ပေလောက်ပဲ ဝေးပါတယ် အချစ်ရယ်
ဆယ်ပေလောက်ပဲ ဝေးပါတယ် ။

သစ်တောထဲကို ဖြတ်ပြီး လျှောက်ခဲ့တော့ သစ်ပင်ပေါ်မှာ ငှက်ကလေးတွေကို တွေ့ တယ်
သူတို့  အေးအေးဆေးဆေး သီချင်းဆိုလို ၊့သူတို့ မှာ နိုင်ငံရေးလည်း မရှိဘူးလေ
သူတို့ ဟာ လူသားမျိုးနွယ်တွေမှ မဟုတ်ဘဲအချစ်ရယ်
သူတို့ ဟာ လူသားမျိုးနွယ်တွေမှ မဟုတ်ဘဲ ။

ပြူတင်းပေါက်တစ်ထောင် တံခါးပေါက်တစ်ထောင် အထပ်တစ်ထောင်ရှိတဲ့ အဆောက်အဦကြီး တစ်ခုကို အိပ်မက်ထဲမှာ ငါတွေ့ ခဲ့ရတယ်
ငါတို့ ဟာ တစ်ခုမှ မဟုတ်ဘူး အချစ်ရယ်
ငါတို့ ဟာ တစ်ခုမှ မဟုတ်ဘူး ။

နှင်းတဖွဲဖွဲကျနေတဲ့ လွင်ပြင်ကြီးထဲမှာ ရပ်ခဲ့တယ်၊ စစ်သားတစ်သောင်း ဟိုဒီ ချီတက်နေလေရဲ့ 
မင်းနဲ့ ငါ့ကို ရှာနေကြပါလား အချစ်ရယ်
မင်းနဲ့ ငါ့ကို ရှာနေကြပါလား ။   ။

(မောင်သင်းခိုင်)

W.H.Auden ရဲ့  "REFUGEE BLUES" ကို ပြန်ဆိုသည်။


W.H.Auden ရဲ့မူရင်း Refugee Blues ကို ဒီမှာ ဖတ်နိုင်ပါတယ်။

04/01/2010

western union မှ ထောင်ဝင်စာ




အိမ်ကို ငွေပို့တိုင်း western union ကို သွားရတယ်။ သွားတဲ့ခါက လကုန်ရက်ဆိုရင် လူအုပ်ကြီးက မနည်းဘူး။ ဒီနေ့သွားတော့ ခရစ္စမတ် ပိတ်ရက်ရည်ခံထားလို့နေမယ်၊ တန်းစီလိုက်ရတာ အကြာကြီး။ တန်းစီရင်း ကိုယ် ဘဏ်ကိုလာတဲ့ လူတွေကို လိုက်ကြည့်မိတယ်။ ဒီလူတန်းကြီးကို ကြည့်ရတာ တခုခုပဲ။ သူတို့လည်း ကိုယ်တို့လိုပဲ ထောင်ဝင်စာ လာပို့တယ် လို့ထင်တယ်။

ဟိုလူအုပ်ထိပ်က တရိတ္ဆန် တကောင်ကောင်ရဲ့ သားမွှေးအိကျီ င်္ထူထူနဲ့ ခပ်၀၀ အန်တီကြီးက ၁၀၀၀၀ rouble မော်စကားအို သို့လို့စကားသံဝဲ၀ဲနဲ့ ဆိုတယ်။ မော်စကိုကို  10000 rub လားလို့ စာရေးလေးက မေးတော့  ဒါးဒါး တဲ့။ ဒါးဒါးဆိုတာက ဟုတ်ပါတယ်လို့ သူ့စကားနဲ့ဆိုတာပါ။  ပြေစာကိုလှမ်းယူရင်း ဆိုပြန်ပြီ ပိုက်ဆိဘာတဲ့။ ပိုက်ဆိဘာဆိုတာလည်း သူ့ဘာသာစကားနဲ့ ကျေးဇူးတင်ပါတယ်ပေါ့၊  ပြီးတော့ အိုး ဆိုပြီး ခေါင်းကြီး ရမ်းချပြီး စာရေးလေး နာလည်မဲ့ စကားနဲ့ ကျေးဇူးတင်ပါတယ်ဆိုတယ်။ဘဏ်စာရေးများ သူ့ အော်ငေါက်လေမလားလို့ စိုးရိမ်စိတ်နဲ့ ကသောကမျော ထွက်သွားတယ်။ သူက ရုရှားကို ထောင်ဝင်စာပို့တာ။

သူရဲ့ နောက်က ဖွတ်မီးကျစ် ဆံပင်တွေကို ခပ်မြင့်မြင့် လှလှလေးထုံးလို့ ကိုယ်လုံးလှလှနဲ့ နိုင်ဂျီးရီးယားသူက ....ဘယ်လောက် ..... ပါ မြို့တော် ကိုပါ ဆိုနေပုံရပါတယ်။ ကျသင့်တဲ့ ငွေကို ထုတ်ပေးရင်း ပြေစာလေးကိုင်လို့ နိုင်ဂျီးရီးယားကို ထောင်ဝင်စာ။

အစိမ်းအ၀ါအနီ သုံးရောင်ချယ် ခေါင်းပေါင်း ရောင်စုံအောက်က ဆံပင်တွေ ထိုးထွက်နေတဲ့ သူက ကင်မရွန်ကို ဘယ်လောက်ပါတဲ့။ ပြေစာလေး စောင့်တုန်း ပါးစပ်ကလည်း ဘူးတပ် ဘူးတပ် နဲ့ စီးချက်လိုက်ရင်း ခြေလှုပ် ကိုယ်လှုပ်နေတာ ကိုယ်လည်း နည်းနည်း လှုပ်ချင်လာတယ်။ပြီးတော့ မည်းဆီတဲ့။ သူက ကင်မရွန်းကို ထောင်ဝင်စာ။


ဒီနောက်မှာတော့  ဘက်ဒတ်က မိုဟာမက် ၊  အာဖဂန် က အဗဒူလာ ၊ ကွန်ဂိုက ဒေးဗစ်၊  ပိုလန်က ဘာညာ စကီး ၊ တူရကီက အူစကာ၊ ယိုးဒယားက ပသောင်၊ ဗီယက်နံက မွိုင်တို့ တယောက်ပြီး တယောက် ထောင်ဝင်စာပို့နေကြတယ် ပေါ့။

လူအုပ်ကများလို့ ၊ဟီတာဖွင့်ထားလို့ ၊ထူပိန်းအောင် ၀တ်လာမိလို့ထက်  စိတ်အိုက်လာသလို မွန်းကြပ်ကြပ်နဲ့မို့လို့ အခန်းထဲက ထွက်သွားလိုက်တယ်။ ကိုယ်တို့ရှေ့မှာ လူအုပ်က ရှိသေးတယ်။ နောက်မှာလည်း အပြည့်ပဲ။

တကယ်တော့ ဘဏ်မှာ လူတွေ စည်ကားနေတာ  ကောင်းတယ် ဆိုနိုင်မလားပဲ။ ဒါပေမဲ့ ဒီဘဏ်မှာ လူစည်ကားနေတာတော့ ကိုယ့်စိတ်ထဲ မပျော်ဘူး။ ဘဏ်မှာတန်းစီနေတဲ့သူတွေက အခါကြီး ရက်ကြီးမှာ မိသားစုစီ မပြန်နိုင်တဲ့ သူတွေ၊ သူများတွေ အသာကုန် အော်ဟစ်မြူးတူးတဲ့ အချိန်မှာ လိုက်မပျော်နိုင်တဲ့သူတွေ၊  ဗုံးဒဏ်သင့်နေတဲ့ အီရတ် နဲ့ အာဖဂန်၊ မငြိမ်းမချမ်းရှိလှတဲ့ အီရန်၊ စားစရာ ရှားသလောက် လက်နက်ပေါတဲ့ အီသီယိုပီးယား၊ ငွေကြေး အင်မတန် ဖောင်းပွနေတဲ့ ကင်ညာ၊ ကင်မရွန်း၊ နဲ့မြန်မာက လူတွေ။

စိတ်ထင်လို့ပဲလားတော့ မသိဘူး။  ကိုယ်တို့လိုပဲ လစဉ် ထောင်ဝင်စာ ပို့ကြတဲ့  သူတို့အားလုံးလိုလိုက မျက်နာ ညှိုးညှိုးလေးတွေနဲ့။ ဟုတ်တယ်၊ တတိုင်းပြည်လုံး ထောင်ကြီး ဖြစ်နေတဲ့ အီရန်ကို အီရတ်ကို ကင်မရွန်းကို အီသီယိုးပီးယားကို နိုင်ဂျီးရီးယားကို ထောင်ဝင်စာ ပို့နေရတာ ဘယ်ကလာ ပြုံးပြုံးရွှင်ရွှင် ဖြစ်နေမှာလဲ။

လူစည်ကားနေတဲ့ ဘဏ်ကိုမြင်တိုင်း၊ လတိုင်းလတိုင်း ငွေသွားလွှဲတိုင်း၊ ကိုယ့်စိတ်ထဲ အမြဲ အဲ့လိုပဲ ခံစားရတယ်။ကြာလာတော့ ဘဏ်ဆိုတာလည်း ကိုယ့်အတွက် မစည်ကားကောင်းတဲ့ နေရာလိုပဲ ဖြစ်နေတယ်။

ဒီနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင် လွတ်လပ်ရေးနေ့၊ လူတွေအားလုံး အမှန်အကန် မလွတ်လပ်သေးသ၍တော့ တိုင်း ပြည်ကြီးလည်း ထောင်ကျနေတဲ့ အတိုင်းပဲ ရှိနေမှာပဲ၊ လတိုင်းလတိုင်း လည်း လူတန်းကြီးနဲ့ အတူ တန်းစီရင်း western union ကနေ ထောင်ဝင်စာ သွားပို့နေရမှာပါပဲ။ ဒါတောင် ကိုယ်တွေက ပွဲစား တဆင့်ခံရသေးတာ။


အယ်ဇီ

26/12/2009

နှစ်သစ် ဆုတောင်း

၂၀၁၀ ကို တွေဝေတာတွေ၊ လောဘကြီးတာတွေ နည်းနိုင်သမျှ အနည်းဆုံးနဲ့ ဖြစ်နိုင်သမျှ အေးအေးချမ်းချမ်း ဖြတ်သန်းချင်ပါတယ်။


၂၀၀၉ မှာ ဖတ်ဖြစ်ခဲ့တဲ့ ဘလော့ပို့စ်တွေထဲကနေ အကျေနပ်ဆုံး အကြိုက်ဆုံးကတော့ ညီမငယ် မေဓာဝီရဲ့ ပို့စ်ပါပဲ။ ကိုယ်က ၂၀၀၉မှာ ဖတ်လိုက်ရတာ သူကတော့ ၂၀၀၇ က ရေးခဲ့တာပါ။ ဒီစာကို ဖတ်လိုက်ရလို့ ၂၀၀၉ ဟာ ကိုယ့်အတွက် တစုံတရာ ပြည့်စုံ သွားပါတယ်။

ဘုရားကို စေတီ ကွယ်တယ်၊ တရားကို စာအုပ် ကွယ်တယ်၊ သံဃာကို ဘုန်းကြီး ကွယ်တယ်တဲ့။ အချိန်ရတဲ့ခါ မိတ်ဆွေတို့ကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။ စာရေးသူ ညီမမေဓာဝီနဲ့ မေဓာဝီ့ ဖေဖေ ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။

၂၀၁၀မှာ ကမ္ဘာကြီးမှာ မေတ္တာတရား အားသာတာ မြင်ချင်ပါတယ် ။ ချစ်သူ ခင်သူတွေ၊ မိသားစုတွေ အကြောင်း အမျိုးမျိုးကြောင့် ကွေကွင်းရတာတွေ နည်းနိုင်သမျှ နည်းစေချင်ပါတယ်၊ လွမ်းနေရတဲ့ အဖြစ်တွေကနေ လူတိုင်းလူတိုင်းကို ကင်းဝေး စေချင်ပါတယ်၊ ၀မ်းရေးလည်း လွယ်ကူစေချင်ပါတယ်၊ တိုင်းရေး ပြည်ရာ အခက်အခဲတွေလည်း ဖြေရှင်းနိုင်ကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။

ဘလော့ မောင်နှမအားလုံး မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်ကြပါစေ။

အယ်ဇီ

14/12/2009

မှန်တယ် ဆရာ မှန်တယ် ကွက်တိပါပဲ ဆရာရယ်


ဒီလအတွက် ဗေဒင်က ကိုယ့်အတွက် ဘာပြောထားတယ် မသိဘူး။ တကယ်လို့သာ ကွဲကွာနေတာ ကြာပြီ ဖြစ်သော မိတ်ဟောင်း ဆွေဟောင်း သူငယ်ချင်း များနဲ့ ပြန် အဆက်အသွယ်ရမည်လို့ ပါရင် မှန်တယ် ဆရာ မှန်တယ် ကွက်တိပါပဲ ဆရာရယ်လို့ ကိုယ်တော့ ပြုံးပြုံးကြီး ပြောရမှာ သေချာတယ်။

သီတင်းကျွတ်ပီ ဆိုကတည်းက ဆရာကန်တော့ပွဲတွေ မိတ်ဆုံစားပွဲတွေ ဟော လက်ထပ်မင်္ဂလာတွေ တခုပြီး တခု ရှိနေတော့တာကိုး။ ၀လုံးတန်းက သူငယ်ချင်းတွေကစလို့  ကိုယ်နေခဲ့တဲ့ မြို့တွေက သူငယ်ချင်းတွေ  တက္ကသိုလ်က သူငယ်ချင်းတွေ အဆောင်သူ သူငယ်ချင်းတွေ အခန်းဖော်တွေနဲ့ကိုယ့် သူငယ်ချင်းတွေ က နည်းမှ မနည်းပဲ။


ဒီလိုဆိုတော့ တယောက်နဲ့ တွေ့လို့ တခုခုကိုများ စပြောရင် အလိုလို တသီတတန်းကြီး ပါလာပြီး ပြောစရာ မကုန်တော့ဘူး။ ပြောရင်း ဆိုရင်း ဘယ်သူက ဘယ်ရောက်နေတယ် သိလား၊ အေး ဘယ်သူလေ အမလေး  ကလေးက နှစ်ယောက်နဲ့ ၊ အော်အေး သူလား အမလေး ၀လို့ တုတ်လို့ ၊အေးဟယ် သူကတော့ မကျန်းမာဘူး၊ ဘယ်သူနဲ့ ဘယ်သူက အဆင်မပြေကြဘူးဟယ်နဲ့ စုံပလုံနေတာပါပဲ။ ကိုယ်တို့ မိန်းကလေး ၃ယောက်ပေါင်းပြီး ရည်းစားစာ လိုက်ပေးဖူးတဲ့ သူငယ်ချင်း အကြောင်းလည်း ရောက်ရော ရီရတာ အတော မသတ်နိုင်တော့ဘူး။

တက္ကသိုလ်ရောက်တော့ ၁၆ နှစ် ကျော်ကျော် ၁၇ နှစ်တွေ၊ တချို့လည်း အဲ့ကတည်းက တော်တော် လူကြီးဆန်တယ် ရင့်ကျက်ကြတယ် သဘောထားကြီးကြတယ်။ တချို့ကြလည်း ကလေးလိုပဲ။ စရင် နောက်ရင် တောင် စိတ်ဆိုးတာတို့ တခုခုဆို ကတ်တိကတ်ဖဲ့ နိုင်တာတို့ ရှိကြတယ်။ ဒါပေမဲ့ အဆောင် နေရတဲ့ခါ အစုလိုက် အဖွဲ့လိုက် သွားရ လာရ တာတွေ များလာ တဲ့ခါ တယောက်အကြောင်း တယောက် ပိုနားလည်လာလည်ကြ ပိုသည်းခံတတ်လာသလို ညီအမတွေလို ဖြစ်ကုန်ရော။


အခန်းဖော်ချင်းက အရမ်း ခင်ကြတယ်လေ။ သောက်ရေအိုး သေးသေးလေးတလုံးရယ် ဘီဒို စုတ်စုတ် တလုံးရယ် သနပ်ခါးစက်တွေ ပေပွနေတဲ့ မှန် တချပ်ရယ် ကုတင် ၂လုံး စာပွဲသေးသေး ၂လုံး တံမျက်ဆီး တချောင်းသာ ရှိတဲ့ ကိုယ်တို့ နားခိုရာ အခန်းကျဉ်းလေး။ ဒီအခန်းထဲမှာ တခါတခါ ဟင်းတွေ ထမင်းတွေ ခိုးချက်ကြတယ်။ တခါတခါ ညလုံးပေါက် စကားပြောကြတယ်။ ပြောတဲ့ အကြောင်းအရာက စုံတယ်။ ကျောင်းပြီးတာနဲ့ နိုင်ငံခြား လစ်ကြမလား ၊  part I က အုပ်စုလိုက် တောခိုသွားတယ် ဆိုပါလားဟဲ့တို့ ၊ ဘယ်ဆရာလေ ဘယ်သူ့ကို ဘာလုပ်လိုက်တယ်သိလားတို့  သူများ သမီးရည်းစားကြောင်းရော ဘယ်လိုယောက်ျား ယူမယ် ဘယ်လို ယောက်ခမဆိုရင် ဘာပဲ ညာပဲ စုံနေတာပဲ။

တခါတခါလည်း တယောက်နဲ့ တယောက် ပြုံးရယ် မပြနိုင်လောက်အောင်ကိုပဲ စာတွေနဲ့ ပိကြရတာလည်း ရှိတယ်။စာမေးပွဲကလည်း တချိန်လုံးလိုလို ရှိတတ်တယ်။ ဖတ်စရာကလည်း များတယ်။ အတန်းတင် စာမေးပွဲလို ဘလော့ခ် စာမေးပွဲ လိုဆို လူတွေက စိတ်ထဲ တင်းကြပ်နေတတ်တယ်။ ထစ်ကနဲဆို ခွန်းကြီး ခွန်းငယ် ဖြစ်ကြ တခါတလေလည်း ငိုလွယ် ရီလွယ်ကြနဲ့ ထိလွယ် ခိုက်လွယ်တယ်။ ဒါမျိုးချိန်ရောက်ရင် ကိုယ်တို့က "မို့ချိန် "ရောက်ပြီလို့ပြောတယ်။

မို့မို့မြင့်အောင်က အောက်ပြုတ်ကျတဲ့  နှင်းဆီပန်းလေးကို ကောက်ယူပြီး နမ်းပြတယ်လေ။ ဒါရိုက်တာက ခိုင်းတာ မဟုတ်ဘူးတဲ့ မို့က အကြံပေးတာပါတဲ့၊ တကယ်တော့ မို့စိတ်နဲ့ မဟုတ်ဘူး မဝေ စိတ်နဲ့ အကြံပေးတာ ပန်းလေးကိုနမ်းတာလည်း မဝေက နမ်းတာပေါ့လေ။ ဒါကြောင့် အဆောင်မှာ လည်း တခုခုဆို ကိုယ်မဟုတ်ရပါဘူး "ရွာသူမို့"ပါကွယ်လို့ စာမေးပွဲရှိလို့ စိတ်တင်းကြပ်တိုင်း တယောက်နဲ့ တယောက် စိတ်မဆိုးကြဖို့ သူငယ်ချင်း တယောက်က ရီစရာလို လုပ် ပြောဖူးတယ်။

အခန်းဖော်ဆိုတာက နေ့နေ့ညည ပိုတွေ့ရတော့ တခြားလူတွေထက် သူ့ကို ပိုသတိထား ဆက်ဆံ ရတယ်။ စာများလို့ စိတ်ရှုတ်ရတဲ့ခါ အခန်းဖော်က ထွက်ပေါက် ဖြစ်ဖြစ်သွားတတ်တယ်။ကိုယ်က သတိလွတ်သွားရင်  ကံမကောင်းရင် သူငယ်ချင်းကောင်း ဆုံးရှုံးရတတ်တယ်လေ။ ဒါကြောင့် ကိုယ်တို့ နှစ်ယောက်က အမြဲကြိုညှိထားတယ်" မို့ချိန်"ရောက်ပြီနော် တခုခုဆို အထင်မလွဲပါနဲ့လို့ပေါ့။


ဒီလိုနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြရင်း အိမ်ထောင်ဖက်နဲ့ အဆင်ပြေလား ဘာလား သူငယ်ချင်းက မေးလာတယ်။ ကိုယ်လည်း အစကတော့ ညှိစရာတွေ များသား၊  ကြာလာတော့လည်း အဆောင်တုန်းကလိုပေါ့ဟာ စိတ်တင်းကြပ်စရာရှိရင် မြုံမထားဖို့ မို့ချိန်ရောက်နေတယ်ဆိုရင် ကြိုပြောကြဖို့ ညှိထားတယ်၊ ဒီကြားထဲကမှ စိတ်ဆိုးဖြစ် စိတ်ကောက်ဖြစ်ရင်လည်း နှစ်ယောက်တည်းရှိတော့ ပျင်းလို့ ပြန်ခေါ်တော့မယ်လို့ ကိုယ်ဖာသာပဲ ပြောလိုက်တော့တယ်၊ စကား ပြောဖော် မရှိတော့  ပျင်းလို့ဟာဆိုတော့ သူငယ်ချင်းက အင်မတန် လေပေါတဲ့ ကိုယ့်အကြောင်း သိနေလေတော့ တဟားဟား ရီရင်း အေး ငါလည်း"မို့ချိန်"သတိထားမှ ဆိုပြီး မိုးချုပ်နေပြီမို တော်ကြအုန်းမယ် ဆိုလာတယ်။

သူနဲ့ စ ဆက်သွယ်မိတာကနေ ခုဆို တော်တော်များများနဲ့ အဆက်သွယ်ရလာတယ်။ တယောက်ပြီး တယောက်နဲ့ ဖုန်းပြောရ၊ အီးမေးပို့ရ ၊ ဓါတ်ပုံ ပို့ရ၊ ဂျီတော့ ချိန်းရ နဲ့ ရက်ချိန်းတွေ ပြည့်နေတယ်။:)) တကယ်ပဲ ဗေဒင်က ကိုယ့်အတွက် ဘာဟော ထားတယ် မသိ။ မိတ်ဟောင်း ဆွေဟောင်း သူငယ်ချင်းများနဲ့ပြန် အဆက်သွယ်ရမည်ဆိုရင် မှန်တယ် ဆရာ မှန်တယ် ကွက်တိပါပဲ ဆရာရယ်လို့  ပြုံးပြုံးကြီး ပြောရမှာပါပဲ။

ချမ်းမြေ့ကြပါစေ

အယ်ဇီ

12/11/2009

ဘွိုင်းပါး ကလုံးအွယ်သု့ ( ၂ )

ညနေခင်းတွေ

ချင်းတောင်မှာ တနေ့တနေ့ အချိန်တွေ ဘယ်လိုကုန်အောင် သုံးခဲ့တယ်ဆိုတာ ပြန်တွေးကြည့်ရင် ရီစရာလည်း ကောင်း ပျော်စရာလည်း ကောင်း သလို တကယ်ပဲ လွမ်းစရာလည်း ကောင်းပါတယ်။



ဖွင့်ရက်တွေရဲ့နေ့ခင်းက အလုပ်ထဲမှာ ကုန်တယ်။ နာရီကြည့်လိုက်လို့ ၄နာရီလောက်ဆို သိပ်ပျော်တာပဲ။ မကြာခင် တရက်ကုန်တော့မယ်လေ။ ညနေခင်းတွေက ရေချိုးတာ ထမင်းဟင်းချက်တာ စာရေး စာဖတ် တာ၊ စာကြည့်တိုက်သွားလိုက် စာအုပ်ငှားလိုက် အသိမိတ်ဆွေအိမ် ထမင်းစားသွားတဲ့ခါသွား၊ တခါတလေလည်း ဆံပင်ညှပ်လိုက် လူနာ လိုက်ကြည့်လိုက်နဲ့။

ဘာမှ မလုပ်ချင်ရင် အိမ်ရှေ့လှေခါးမှာ ငုတ်တုတ်လေးထိုင် တောင်တွေး မြောက်တွေးရင်း မြက်ထိုင်နုတ်ရင်လည်း နုတ်လိုက်တယ်။ တခါတလေ အိမ်ရှေ့က တီတီ့ဆိုင်ကို သွားလည်တယ်။ သူက အန်ကယ်ကြီး သမီးလေ။သူနဲ့ ချင်းစကားသင်တဲ့ခါ သင်တယ်။ ချင်းလူမျိုးတွေ အကြောင်း ပါးရဲထိုးတဲ့ အကြောင်း စုံအောင်ကို ပြောဖြစ်တယ်။

ညတွေကတော့ ပျင်းစရာလို့ထင်မယ်။ ကိုယ်တို့ ပျင်းခဲ့ဘူး။ တခါတလေ မီးဖိုကြီးနား ၀ိုင်းထိုင်ရင်း တယောက်က ဂစ်တာတီး ကိုယ်တို့က ၀ိုင်း ဆိုပေါ့။ "တောင်ပေါ်ခေါင်ရည် ချိုမြမြ တကြိုက်လောက် သောက်ရင် အမောပြေ ဒါဟာလည်း ချင်းပြည်ရဲ့ အလှ တခုပေ ".....ဒါမှ မဟုတ်... "တောင်ပေါ်မြေမှာ ရွှေဝါ ပိတောက်ပန်း မပွင့်ပေမဲ့ ဇလပ်တွေရယ် အရိုးခံ စိတ်ရင်း ရှိကြတယ် "ဆိုလိုက် တခါတလေ စိတ်ဖောက်လာရင် "မဲဇာတောင်ခြေ ရတု" ထဆိုရင်း လွမ်းရပြန်ပေါ့။

သီချင်းဆိုရင်း အချမ်းပြေ ကော်ဖီသောက်တဲ့ခါသောက် တခါတလေလည်း ၀ိုင် တခါတလေ ခေါင်ရည် တခါတလေလည်း လဘက်ခြောက်တောင် မခပ်နိုင်တဲ့ ပလိမ်းတီးပေါ့ ။ ဒေသထွက် မက်မန်းဝိုင် ပန်းသီးဝိုင် ကောင်းတယ်။ခေါင်ရည်က ကောက်ညှင်းက ထုတ်တဲ့ ခေါင်ရည်ဆို ချိုမြမြ သူက ရှယ် ခေါင်ရည်၊ ပွဲတော်တွေ ဘာတွေ အတွက် မျိုး၊ မဟုတ်ရင် ခါးတယ်။ ဗိုက်ဆာရင် ပြောင်းဖူး ဖုတ်လိုက် ပြုတ်လိုက် တခါတလေလည်း ရန်ကုန်ပြန်တွေ သယ်လာတဲ့ငါးမုန့်ကို ကြော်စား အချိန်မတော် ထမင်းချက်စားရင်လည်း စား ကြတယ်။

ကိုယ်က ရေဒီယို နားမထောင်ရရင် မနေနိုင်ဘူး။ ဘီဘီစီ ၂၄ နာရီ အစီစဉ်ကို တောက်လျှောက်ဖွင့်ထားတာပဲ။ ဖျော်ဖြေရေးက ဒါပဲလေ။ ညနေ အာအက်ဖ်အေ လာရင် နားထောင် ဘီဘီစီ နားထောင် ဗွီအိုအေ နားထောင် အားချိန်ကိုး မရှိဘူး။ www. bbcburmese.com အင်တာနက် စာမျက်နာပေါ်တွင်လည်း ဖမ်းယူ နားဆင်နိုင်ပါသည် ဆိုတာကို ဘယ်လိုမှ စဉ်းစားလို့မရဘူး။ အင်တာနက်ဆိုတာ စာအုပ်ကြီးလို့ထင်တဲ့ခါထင်၊ တခါတလေ ရေဒီယိုလို စက် တမျိုးနေမှာလို့ ပုံဖော်၊ သူ့ကို ဘယ်လို မှ ပုံဖော်လို့မရဘူး။ သတင်းဖွင့်ထားပြီး အိမ် အလုပ်လုပ်ရင်း ကြမ်းတိုက်ရင်း ဂေါ်ရခါးသီးကို ဒီနေ့ ဘယ်လိုလေးများလှီးရမလဲ တွေးရင်း....မနေ့က အ၀ိုင်းလေး လှီးတယ် မနက်က အရှည်လိုက်ပါ ခု ဘယ်လို အသွင်ပြောင်းရပါ့ပေါ့... နားထောင်လိုက် တခါတလေလည်း ဖွင့်သာထားတာ ဘာပြောနေမှန်းတောင် အာရုံမရောက်ဘူး။

ရေဒီယိုကို ဓါတ်ခဲနဲ့ပဲနားထောင်ရတော့ ဓါတ်ခဲဖိုးကုန်လွန်းလို့ တလုံးကိုပဲ စု နားထောင်ကြတယ်။ ဘီဘီစီပြီးရင်လည်း စိတ်မပျက်နဲ့ ဆရာတို့၊ မပျင်းရလေအောင် အယ်အယ်ဇီ အစီစဉ်ရှိသေးတယ်လေ။ အယ်အယ်ဇီ အစီအစဉ်က ကိုယ်ပြီးတဲ့ချိန်ပြီးတာပဲ။ ပြန်ရစ်လို့လည်းရ နားထားလို့လည်းရ ကောင်းမှ ကောင်း။ ကိုယ့်သူငယ်ချင်းကလည်း အစိုးရကို တစက်ကလေးမှ ကြည့်မရဘူး။ ကီးက ညှိစရာမလို ကိုက်ပြီးသား။

အယ်အယ်ဇီ့ အစီစဉ်ဆိုတာ သတင်းနားထောင်ပြီး ဝေဖန်ရင်းနဲ့ လေကန်တာပေါ့။ တခါတလေများဆို ကိုယ့် အစီစဉ်က ကြာတော့ "ကြားတာများ နားနာရတို"့"ဟောတာများ ဗိုက်ဆာကြ "ဆိုတာတို့ဖြစ်လာရော။ ဒါဆို အိမ်ဘေးက သူများ ပြောင်းခင်းထဲ မှောင်ကြီး မည်းထဲ ၀င်ချိုး ကြတယ်။ မီးလှုံရင်း ပြောင်းဖူး မီးဖုတ်စားတယ်။ ခိုးစားလို့နဲ့တူတယ်။ အရမ်း ချိုတာပဲ။


ဒီလို ဟီးဟီးဟားဟား လေပေါ ကောင်းနေရင် လူနာ ရောက်လာတတ်တယ်။ များသောအားဖြင့်တော့ ထောင်က ရောက်လာတယ်။ တခါတလေ တပ်က ရောက်လာတယ်။ များသောအားဖြင့် ပြသာနာ ကေ့စ်တွေပေါ့လေ။ သွေးရိုး သားရိုး မဟုတ်တော့ ညကြီး မင်းကြီး လာပို့ကြတာ။

ပုံမှန်မှာတော့ ည အချိန်မတော်ဆို သူငယ်ချင်းပဲ လိုက်သွားတာ များပါတယ်။ ကိုယ်သွားရမဲ့နေ့လည်း ငါသွားလိုက်မယ်နဲ့ ပါ။ ချမ်းချမ်းစီးစီး မှောင်မှောင်မည်းမည်းဆိုတော့ ကိုယ်တယောက်တည်း တက်မယ်ဆို အဖော် လိုပြန်တာကိုး။ တခါတလေလည်း အားလုံး တူတူ သွားကြတယ်။ လူနာတွေကို သိတ်ချစ်တယ် မထင်နဲ့ နော်၊ နေခဲ့ရမှာ ပျင်းလို့ပါ။ စစ်တပ်က လာတယ်ဆိုလည်း ဘာပဲ ဖြစ်ဖြစ် တူတူသွားတယ်။ ချဲဖို့ လိုရင် လိုမှာလေ။ ကြောက်လို့ အဖော်နဲ့သွားရတယ်။

ကားနဲ့တက်လာတဲ့ လူနာဆိုရင် ကိုယ်တို့ကို အောက်မှာ ၀င်ခေါ်တတ်တယ်။ တခါတည်း ကြည့်ပေးလို့ ရရင်လည်း အောက်မှာပဲ ကြည့်ပေးလိုက်တာပေါ့။ တောင်ပေါ် တန်း တက်သွားလည်း တချိုက ဆရာ တက်လာရမှာ စိုးပြီး ပြန်လာ ခေါ်ပေးကြတာ ရှိပါတယ်။ ကိုယ်တို့က သက်သာတယ် လူနာကတော့ ဆီဖိုး ၂ခါ ကုန်ရ တာပေါ့။ တောင်အောက် ရောက်ရင် ဗိုက်က ဆာပြန် တယ်လေ။ ဘာဖြစ်တယ် မသိ တောင်ပေါ်မှာ တချိန်လုံး ဗိုက်ဆာ နေတာပဲ။


ရောက်လာတာက ခွဲလူနာဆိုရင် ခွဲခန်းပြင်တာ ဆင်တာစောင့်ရသေးတာမို့ ခွဲပြီးရင် မနက် ၃နာရီ လေးနာရီ ဖြစ်နေပြီ။ အောက်ကို တခေါက် ပြန်ဆင်း ခဏတဖြုတ် နားပြီးရင် ဟော မနက် တခါ တက်ကြ ပြန်ပြီ်။ ကိုယ်တို့နေတဲ့ နေရာကနေ ဆေးရုံကို မိနစ် ၃၀ မိနစ် ၄၀ တက်ရတယ်။ ပေ တထောင်ကျော် မြင့်တယ်။ ဖြတ်လမ်းကနေဆို ပိုမြန်တယ်၊ ပိုလည်း ဇောက်ထိုး တက်ရတယ်။ ဒါပေမဲ့ မိုးရွာထားတယ် မြူကျတာများတယ်ဆို လမ်းက ခြေချော် တတ်တယ်။ ကိုယ်လည်း ခဏခဏ ချော်လဲတယ်။ အောက် အဆင်းဆိုရင် မဆိုးပါဘူး အရှိန်လေးနဲ့ ကျသွားတာ အဆင်းရတောင် သက်သာသေး။

ထောင်က လူနာ လာရင်တော့ ကိုယ်ပဲ ကြည့်တယ်။ ဘာလို့လည်းဆိုတော့ အဲ...ဒီအချိန်မှာ ဦးကျော်ဇံသာက "အချိန် သိတ်မရလို့ပါခင်ဗျ၊ လိုရင်းကိုပဲ ပြောပါခင်ဗျ"ဆိုပြီး အချက်ပေးလိုက်တော့...."ဟုတ်ကဲ့ရှင် ညနေတိုင်း တင်ဆက်နေတဲ့ အယ်အယ်ဇီ အစီအစဉ် ဒီမှာတင် ပြီးဆုံးပါပြီ ၊ နားဆင်တဲ့ အတွက် allmymemo....က ကျေးဇူးပါ၊ နောက်တခေါက် ဒီဘလော့ ဒီဆိုဒ်မှာ တွေ့ကြတာပေါ့ ပျော်ပျော်ပါးပါး ပေါ့"။


ချမ်းမြေ့ကြပါစေ

အယ်ဇီ